ပဲခူး ဇူလိုင် ၁၃
ပဲခူးမြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း မြရတနာလင်းခန်းမတွင် ယမန်နေ့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားအား သီဆိုဂုဏ်ပြုဖွင့်လှစ်ခဲ့သည်။ ထို့နောက် အမှတ်(၇) အခြေခံပညာထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းက အမှာစကား ပြောကြားပြီး မိဘဆရာအသင်း အတွင်းရေးမှူး ဆရာဦးဝင်းဇော်က ကျောင်းလုပ်ငန်းများအား ဆွေးနွေးတင်ပြကာ မိဘဆရာ အသင်းအမှုဆောင်များအား ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများ၊ အတန်းအသီးသီးမှ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများ၊ ဂုဏ်ထူးဖြင့်အောင်မြင်မှုများရရှိအောင် သင်ကြားပေးသော ဆရာ/ဆရာမများအား တာဝန်ရှိသူများမှ ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဂုဏ်ပြုပေးခဲ့ကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းမှ ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများနှင့် အတန်းအသီးသီးမှ ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူ (၃၅)ဦး၊ ဂုဏ်ထူးများရရှိအောင် သင်ကြားပေးသော ဆရာ/ဆရာမ (၄)ဦး စုစုပေါင်း (၃၉)ဦးတို့အား ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သတင်းရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)