ပခုက္ကူ ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက်၆နာရီခွဲတိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ၂၂၇၅စင်တီမီတာသို့ရောက်ရှိနေပြီး ပခုက္ကူမြို့ စိုးရိမ်ရေမှတ် ၂၁၅၀စင်တီမီတာထက် ၁၂၅စင်တီမီတာအထိ ကျော်လွန်မြင့်တက်ဖြစ်ကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ပခုက္ကူခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧရာဝတီမြစ်ရေမှတ် တိုင်းထွာချက်အရ ဇူလိုင်လ ၁၀ရက် ညနေ၆နာရီခွဲအချိန်တွင် ၂၁၈၆စင်တီမီတာသို့ ရောက်ရှိပြီး စိုးရိမ်ရေမှတ်ထက် ၃၆စင်တီမီတာအထိလည်းကောင်း၊ ဇူလိုင်လ၁၁ရက် ညနေ၆နာရီခွဲအချိန်တွင် ၂၂၃၃စင်တီမီတာသို့ ရောက်ရှိပြီး စိုးရိမ်ရေမှတ်ထက် ၈၃စင်တီမီတာအထိလည်းကောင်း၊ ဇူလိုင်လ ၁၂ရက် ညနေ၆နာရီခွဲအချိန်တိုင်းထွာချက်အရ ၂၂၆၆စင်တီမီတာသို့ ရောက်ရှိပြီး စိုးရိမ်ရေမှတ်ထက် ၁၁၆စင်တီမီတာ အထိလည်းကောင်း၊ ယနေ့နံနက်၆နာရီခွဲတိုင်းထွာချက်အရ ၂၂၇၅စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ထက် ၁၂၅စင်တီမီတာအထိ ကျော်လွန်မြင့်တက်ရောက်ရှိနေပြီဖြစ်ကြောင်း၊ မြစ်ကမ်းဘေးနေပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိ၊ သတိရှိစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်းကာ ဧရာဝတီမြစ်ရေကြီးမှုအခြေအနေ၊ ရေကျမှုအခြေ အနေများအား နေ့စဉ်သတင်း ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)