ဆိပ်ဖြူ ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ဧရာဝတီမြစ်ကမ်းဘေး ရေဝင်ရောက်လျက်ရှိသည့် ရပ်ကွက်/ကျေးရွာများတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေသည် ဆက်လက်မြင့်တက်လျက်ရှိပြီး မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ၁၁ ကေဗွီအေ ဓာတ်အားလိုင်း လျှပ်စစ်ဓာတ်အား ရယူသုံးစွဲပြီး မြစ်ရေဝင်ရောက်လျှက်ရှိသည့် ရပ်ကွက်/ကျေးရွာများရှိ လူနှင့်တိရိစ္ဆာန်များ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများက ကျေးရွာများအတွင်း တပ်ဆင်ထားရှိသည့် ထရွန်စဖော်မာများ၊ နေအိမ်သုံးမီတာများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပြီး လျှပ်စစ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးများ ဆောင်ရွက်သည်။ ဧရာဝတီမြစ်ရေဆက်လက်မြှင့်တက်ပြီး ရေဝင်ရောက်လျက်ရှိသည့် ကျေးရွာများကို လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဓာတ်အားများ ယာယီဖြတ်ပေးထားရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။
ကိုဇွဲ(အညာမြေ)