ပခုက္ကူ ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်ထက် ကျော်လွန်မြင့်တက်လာမှုကြောင့် ပခုက္ကူမြို့ရှိ မဟာဝိသုတာရာမ(အလယ်တိုက်) စာသင်တိုက်နှင့်ပခုက္ကူဦးအုံးဖေစာကြည့်တိုက်များအတွင်း မြစ်ရေဝင်ရောက်မှု များပြားလာလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့၊ ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်မှာ ၂၁၅၀စင်တီမီတာ(၇၀ဒသမ၅ပေ)ဖြစ်ပြီး ယနေ့နံနက်၆နာရီခွဲ တိုင်းထွာချက်အရ ၂၂၁၀စင်တီမီတာ (၇၂ဒသမ၄ပေ) သို့ ဖရောက်ရှိရာ စိုးရိမ်ရေမှတ် ၆၀စင်တီမီတာ(၁ဒသမ၉ပေ)ထက် ကျော်လွန်မြင့်တက်လာမှုကြောင့် မဟာဝိသုတာရာမ(အလယ်တိုက်)စာသင်တိုက်နှင့် ပခုက္ကူဦးအုံးဖေစာကြည့်တိုက်များအပြင် မြစ်ကမ်းနံဘေးနှင့်မြေနိမ့်ပိုင်းများရှိ လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်လျက်ရှိကြောင်း၊ အဆိုပါမြစ်ရေဝင်ရောက်မှုအခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီအသင်းမှတာဝန်ရှိသူများက စဉ်ဆက်မပြတ်ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ဘေးလွတ်ရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ ရေဘေးသင့်ပြည်သူများအတွက် ယာယီနေရာစီစဉ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပခုက္ကူမြို့ပေါ်ရပ်ကွက်များအပြင် မြို့နယ်အတွင်း ကျေးရွာတစ်ချို့ရှိ လူနေအိမ်များတွင်လည်း မြစ်ရေဝင်ရောက်လျက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ဒေသခံပြည်သူများနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)