ဆင်ပေါင်ဝဲမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

​​ဆင်ပေါင်ဝဲ ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်က အဖွင့်အမှာစကား ပြောကြားရာတွင် သဘာဝဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်ထားခြင်းကြောင့် ဖြစ်ပေါ်နေချိန် ပျက်စီးဆုံးရှုံးမှု နည်းပါးစေပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူအဆင်ပြေနိုင်ကြောင်း၊ မြစ်ကမ်းဘေးရှိ ကျေးရွာများအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်၊ ကျွန်းကျေးရွာရှိ လူနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအားမြစ်ရေတက် ရောက်လာပါက အမြန်ဆုံးရွေ့ပြောင်းနိုင်ရေးအတွက် စက်လှေများ၊ မော်တော်ယာဥ်များ အသင့်ဆောင်ရွက်ထားရှိရန်၊ ကယ်ဆယ်ရေးစခန်းများ ထားရှိပြီးဖြစ်သည့်အတွက် သတ်မှတ်နေရာများတွင် နေရာချထားနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ရန်၊ မြစ်ဘေး၊ ချောင်းဘေးရှိ အိမ်ခြေ/ လူဦးရေစာရင်းများ ကြိုတင်ပြုစုထားရန်နှင့် မိမိတို့တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး လုပ်ငန်းကော်မတီဝင်များက သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ကော်မတီအလိုက် ကြိုတင်စီစဉ်ထားရှိမှု အခြေအနေများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)