ဟင်္သာတ ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလင်း၊ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မြင့်ဦးနှင့် အဖွဲ့ဝင်များသည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက အချိန်နှင့်တပြေးညီ ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အသင့်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်နှင့် မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်အင်အားနှင့် ကယ်ဆယ်ရေး အသုံးဆောင်ပစ္စည်းများ စုဆောင်းထားရှိမှုတို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။
ထို့နောက် ဟင်္သာတခရိုင်ထွေအုပ်ရုံးအစည်းဝေးခန်းမတွင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်သဘာဝဘေး ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ သဘာဝဘေးဖြစ်ပေါ်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေးတို့အတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ကမ်းပြိုဘေးဒဏ်ခံစားနေရသော အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့ သွားရောက်၍ မြစ်ကမ်းပါးပြိုကျမှု အခြေအနေများ၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရူစစ်ဆေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြမှုအပေါ် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ဟင်္သာတ)