မကွေး ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး၊ မြန်မာ့သစ်လုပ်ငန်းက ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအဖြစ် အရိပ်ရမန်ကျည်းပင်ပေါင်း ၄၀၀၀ ကို မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း ဧရိယာအတွင်း၌ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံများနှင့် ဖိတ်ကြားထားသူများက မကွေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း၏ ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအဖြစ် ဆင်များအတွက် အဓိက အထောက်အကူပြုစေမည့် အရိပ်ရ မန်ကျည်းပင်ပေါင်း ၄၀၀၀ ကို “ကမ္ဘာ့မြေဆီလွှာထိန်းသိမ်းဖို့ သစ်ပင်စိုက်ကြစို” ဆောင်ပုဒ်နှင့်အညီ စုပေါင်းစိုက်ပျိုးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်း ဧရိယာအတွင်း၌ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း ရှင်းလင်းဆောင်တွင် မကွေးတိုင်းဒေသကြီး၊ မြန်မာ့သစ်လုပ်ငန်း ဒုတိယအထွေထွေမန်နေဂျာ ဦးမိုးမြင့်မှ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုနှင့် ဆင်စခန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးများ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဌာနပိုင်ဆင် အကောင်ရေ (၃၂၅၁)ကောင်၊ ပုဂ္ဂလိကပိုင်ဆင်အကောင်ရေ (၂၀၀၀)ခန့်နှင့် တောဆင် အကောင်ရေ (၁၅၀၀)ခန့် စုစုပေါင်း ဆင်အကောင်ရေ (၆၇၅၁)ကောင်ခန့်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ဆင်အကောင်ရေ အများဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ဆင်အများဆုံးနှင့် ထိန်းသိမ်းနိုင်ဆုံးနိုင်ငံအဖြစ် အစဉ်အမြဲ ရပ်တည်နိုင်ရန်၊ ကမ္ဘာပေါ်တွင် တဖြည်းဖြည်း ရှားပါးလာသော အဖိုးတန်ရတနာ ဆင်များကို အလေးထားဂုဏ်ပြုပေးရန်နှင့် ၎င်းတို့နေထိုင် ကျင်လည် ကျက်စားရာဒေသများကို ဝိုင်းဝန်းထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးရန်၊ ဆင်နှင့် လူအကြား သဟဇာတဖြစ်တည်မှုကို ပြသနိုင်စေရန်၊ ဒေသတွင်း ခရီးသွားကဏ္ဍာ ဘက်စုံဖွံ့ဖြိုးတက်စေရန်နှင့် နိုင်ငံတော်၏ အစိမ်းရောင်စီးပွားရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာနက မြန်မာနိုင်ငံအတွင်း၌ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းအပါအဝင် ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်း Elephant Conservation Based Tourism (ECBT) ဆင်စခန်း (၂၃)ခုကို ဖွင့်လှစ်ထားရှိပါကြောင်းနှင့် အဆိုပါ ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ဆင်စခန်းရှိ ရှုမျော်ဆောင်မှတစ်ဆင့် ဆင်လိမ္မာလေးများ ကျန်းမာပျော်ရွှင်စေရန် ဆင်ဦးစီးများက နေ့စဉ် နံနက်တိုင်း ရွှေစက်တော်မန်းချောင်းအတွင်း ရေချိုးပေးခြင်း အစီအစဉ် ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကာ၊ ဆင်စခန်းရှိ ဆင်ဝန်ထမ်း မိသားစုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ အဆိုပါ ဆင်စခန်းရှိ ဆင်(၁၂) ကောင်အား ဆင်စာဘူဖေးများ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
မောင်ညီညာ