မကွေးမြို့နယ် ထုံးပေါက်တောကျေးရွာအုပ်စု သဖန်းဆိပ်ကျေးရွာ ရေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်

မကွေး ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်၊ ထုံးပေါက်တောကျေးရွာအုပ်စု၊ သဖန်းဆိပ်ကျေးရွာ၊ ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါကျေးရွာ ရွာဦးဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာရပ်မိရပ်ဖများနှင့် ရေဘေးသင့်အိမ်ထောင်စုများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ သဖန်းဆိပ်ကျေးရွာ၊ ရေဘေးသင့်အိမ်ထောင်စုများအား တွေ့ဆုံ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မိမိတို့တိုင်းဒေသကြီးအနေဖြင့် မိုးကြိုကာလဖြစ်တဲ့ ဧပြီ၊ မေလများမှာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးရာသီကာလမှာ ရံဖန်ရံခါ မုန်တိုင်းများရဲ့ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းရာမှ တောင်ကျချောင်းရေများ ကျဆင်းခြင်း၊ မြန်မာနိုင်ငံအထက်ပိုင်း ဒေသများမှာ မိုးသည်းထန်ပြီး မြစ်ရေများ စိုးရိမ်ရေမှတ်ကျော်လွန်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်း၊ ရေဘေးနဲ့ ဆက်စပ်ဖြစ်ပေါ်တဲ့ ကမ်းပြိုခြင်းစတဲ့ သဘာဝဘေးဖြစ်စဉ်များကြောင့် လူ့အသက်အိုးအိမ် စည်းစိမ်များ ထိခိုက်ပျက်စီးခြင်းများ ကြုံတွေ့နေရတာဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုတွေကြောင့် ကမ္ဘာနှင့်အဝှမ်း ခုလိုသဘာဝဘေးတွေကို ကြုံတွေ့နေကြတာ ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ မေလ (၁၄) ရက်နေ့မှာ ရခိုင်ကိုဝင်ရောက်ခဲ့တဲ့ မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် မိမိတို့ မကွေးတိုင်းဒေသကြီးအတွင်းမှာလည်း ထိခိုက်မှုတွေရှိခဲ့ကြောင်း၊ သဘာဝဘေးဆိုတာ ကြိုတင်ခန့်မှန်းလို့မရဘဲ နီးကပ်မှ သိရှိရတာလဲရှိတဲ့အတွက် မိမိတို့ ဒေသအတွင်းဖြစ်ပွားခဲ့တဲ့ ဘေးများရဲ့ အတွေ့အကြုံများကို သင်ခန်းစာယူပြီး ဘေးဖြစ်နိုင်ခြေရှိတဲ့ အခြေအနေကိုလဲ မပြတ်သတိပြုရန် လိုအပ်ပါကြောင်း၊ ကြိုတင်ကာကွယ် တားဆီးမှုတွေကို ပြုလုပ်ခြင်းအားဖြင့် ဘေးကြောင့် ထိခိုက်မှုတွေ လျော့နည်း သက်သာစေမှာဖြစ်ကြောင်း၊  ဥပမာအားဖြင့် ကမ်းပါးပြိုမှုသက်သာစေဖို့ အပင်စိုက်တာတွေ၊ ရေကာတန်းတွေ၊ တုတ်ရိုက်တာတွေစသဖြင့် ရပ်ရွာကဆောင်ရွက်နိုင်တာတွေကို ရပ်ရွာလူထု အနေနဲ့ ကြိုတင်စီမံဆောင်ရွက်ထားဖို့လိုအပ်ကြောင်း၊ ရေဘေးဖြစ်နိုင်တဲ့ ဒေသတွေအနေနဲ့လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုဖြစ်တဲ့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေးအတွက်လည်း အသင့်စီမံထားရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေနဲ့လည်း ဘေးကြောင့်ထိခိုက်မှုတွေ လျော့နည်းစေရေးအတွက် လိုအပ်တဲ့ အစီအမံတွေ ချမှတ်ပြီး ဆောင်ရွက်ပေးနေသလို ဘေးသင့်ပြည်သူများအတွက်လည်း ထောက်ပံ့ပေးနေတာ ဖြစ်ပါကြောင်း၊ ယနေ့မှာလည်း သဖန်းဆိပ်ကျေးရွာက ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုပြီး နေအိမ်တွေထိခိုက် ပြောင်းရွှေ့ရတဲ့ အိမ်ထောင်စု(၁၂)စုကို ထောက်ပံ့ပေးဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာများက လာရောက်ခဲ့တာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ လူ(၁)ဦးကို ဆန်(၃)ပြည်နှုန်းနဲ့ (၅၃) ဦးအတွက် ထောက်ပံ့ပေးမှာဖြစ်သလို၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေနဲ့လည်း ပြောင်းရွှေ့နေအိမ်တွေကို (၁)အိမ်လျှင် (၁)သိန်းကျပ်နှုန်းနဲ့ ထောက်ပံ့ငွေနဲ့ ဆန်ဖိုးငွေ ကျပ်(၁,၃၁၁,၃၀၀) ကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်တယ်လို့ သိရကြောင်း၊ ယခုလည်း တန်ဖိုးငွေ ကျပ်(၁,၂၉၂,၁၃၆)ရှိတဲ့ ပစ္စည်း(၁၆)မျိုးပါတဲ့ ပုံးများ ထောက်ပံ့ပေးမှာဖြစ်ပြီး ကျေးလက်ဦးစီးဌာနကလည်း ထောက်ပံ့ပေးမှာဖြစ်ပါကြောင်းနှင့် ဘေးအန္တရာယ်ကြောင့် မိမိရပ်ရွာနဲ့ မိမိတိုရဲ့လူနေမှုဘဝတွေ ထိခိုက်မှုတွေနည်းပါးအောင် အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကျေးလက်ဦးစီးဌာန တာဝန်ရှိသူတို့က ရေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများအား အသီးသီး ထောက်ပံ့ပေးအပ်ကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က သဖန်းဆိပ်ကျေးရွာ ရေဘေးသင့် အိမ်ထောင်စုများအား တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

မောင်ညီညာ