၂၀၂၄ ခုနှစ် မိုးရာသီ ကော်ဖီပျိုးပင် (၈၇၀) ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ

ကြံခင်း ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရှောက်ခုံကျေးရွာအုပ်စု၊ ကျွန်းတစ်အုပ်တစ်မစိုက်ခင်းတွင် ၂၀၂၄ ခုနှစ် မိုးရာသီကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ပြုလုပ်ခဲ့ရာ မြို့နယ်စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်၍ ပျိုးပင် (၈၇၀) အား တစ်ပျော်တစ်ပါး စိုက်ပျိုးကြသည်။

ဦးစွာ မြို့နယ်စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်က ကော်ဖီစိုက်တောင်သူများအနေဖြင့် ကော်ဖီပင်များအား နှစ်ရှည်ပင်အောက် နေရာလွတ်များတွင် စိုက်ပျိုးနိုင်သည့်အတွက် မြေနေရာအခက်အခဲကဏ္ဍမှ ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ သီးညှပ်စိုက်ပျိုးရခြင်းကြောင့် တောင်သူများ အပိုဝင် ငွေရရှိနိုင်မည်အပြင် ကော်ဖီသည် လူမျိုးမရွေး ဘာသာမရွေးသောက်ကြသည့်အတွက် ပိုမိုစိုက်ပျိုးကြရန် ဟောပြောခဲ့ပြီး ကော်ဖီပျိုးပင်များအား အခမ်းအနားတက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် တောင်သူများအား တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။ ယင်းနောက် မြို့နယ်စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌမှ ဦးဆောင်၍ ကော်ဖီပျိုး (၈၇၀) ပင်အား အခမ်းအနားတက်ရောက်လာကြသူများနှင့် အတူတကွ တစ်ပျော်တစ်ပါးစိုက်ပျိုးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် မြို့နယ်စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ရှောက်ခုံကျေးရွာအတွင်းရှိ တောင်သူဦးကြီးများ စိုက်ပျိုးထားသည့် မြေပဲစိုက်ခင်းနှင့် နှမ်းစိုက်ခင်းများအား သွားရောက်ကြည့်ရှုရာ လိုအပ်သည်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး ပီလောပီနှံစိုက်ခင်းများအား ဆက်လက် ကြည့်ရှုစစ်ဆေးခဲ့သည်။ ၂၀၂၄ ခုနှစ်အတွင်း ကော်ဖီပင်လျာထားဧက ၂၄၄ ဧကစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)