အမာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

အမာ ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် အမာမြို့၊ ပြည်သူ့‌ဆေးရုံမှ ဒေါက်တာ အံ့မင်းခန့်က အမှာစကားပြောကြားရာ မိုးရာသီကာလတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါများ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါများကို ကျောင်းသား၊ ကျောင်းသူများ သိရှိပြီး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျောင်းများတွင် အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး၊ ကျေးလက်ကျန်းမာရေးဌာနမှ ဆရာဦးစိုင်းမောင်မောင်က သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများ၊ ကြိုတင်ကာကွယ်နိုင်ရေး နည်းလမ်းအကြောင်းတို့ကို ဟောပြောခဲ့ပါသည်။ ဆက်လက်၍ ဆရာမ ဒေါ်ခင်ချောစုထွေးက ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းများ၊ ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရောဂါဖြစ်ပွားပါက ဆေးရုံဆေးခန်းသို့ အမြန်ဆုံး သွားရောက်ကုသမှုခံယူရန် လိုအပ်ကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပါသည်။

ဟောပြောပွဲ အခမ်းအနားတွင် ပြည်သူ့ဆေးရုံမှ ဒေါက်တာအံ့မင်းခန့်၊ ကျေးလက်ကျန်းမာရေးဌာနမှ ဆရာ၊ဆရာမများ၊ အ.ထ.က အမာကျောင်းမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)