မင်းလှ ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျောင်းသားကျောင်းသူများအား ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းကို အမှတ်(၂)ရပ်ကွက်၊ အ.ထ.က မင်းလှ(မြို့တွင်း)ကျောင်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ခိုင်ဝေငြိမ်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဆရာဝန်ကြီးဒေါက်တာလှဝင်းက ကျောင်းကျန်းမာရေးဆိုင်ရာ အချက်အလက်များကို အသိပညာပေးဆောင်ရွက်ရခြင်းရည်ရွယ်ချက်များကို ပြောကြားသည်။
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူးအဆင့်(၁)ဒေါ်အေးအေးသင်းက သွေးလွန်တုပ်ကွေးရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားရခြင်းအကြောင်းအရာများကိုအသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/သူလေးများကို တစ်ကိုယ်ရည်ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများဆောင်ရွက်ပေးပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)