ပေါက်ခေါင်းမြို့နယ်၌ မိုးရာသီ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံဧကပေါင်း(၆၆၃၇၆)ဧကစိုက်ပျိုးပြီးစီး

ပေါက်ခေါင်း      ဇူလိုင်    ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူအများစုသည် အဓိကအသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ရာသီအလိုက်သီးနှံများကိုမိမိတို့၏ လယ်မြေ၊ ယာမြေများတွင် စိုက်ပျိုးထားရှိရာ ယခုနှစ်မိုးရာသီတွင်လည်း ဆီထွက်သီးနှံနှင့်ပဲမျိုးစုံဧကပေါင်း(၆၆၃၇၆)ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်မိုးရာသီတွင်စိုက်ပျိုးမည့် သီးနှံအမျိုးအစားအလိုက်လျာထားဧကများမှာ မိုးနှမ်းလျာထားဧက  ၃၉၁၆၄ ဧက၊ မြေပဲလျာထားဧက  ၁၅၃၄၃ ဧက၊ နေကြာလျာထားဧက ၆၉ ဧက၊ ဝါကြီးလျာထား ၃၀၂၅ ဧကနှင့်ပဲတီစိမ်းလျာထား ၁၁၃၄ ဧက၊ ပဲစဉ်းငုံလျာထား ၉၅၉၁ ဧက၊ ပဲပုတ်လျာထား ၆၁ ဧကတို့ကို စိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ရှိရာ တောင်သူများ၏လယ်မြေ၊ ယာ‌မြေများတွင်  ယမန်နေ့အထိ ဆီထွက်သီးနှံမိုးနှမ်း ၃၉၁၆၄ ဧက၊ မြေပဲ ၁၅၃၄၃ ဧက၊ နေကြာ ၆၉ ဧကနှင့် ပဲတီစိမ်း ၁၁၃၄ ဧက၊ ပဲစဉ်းငုံ ၁၀၆၀၁ ဧကနှင့် ပဲပုတ် ၆၁ ဧကကိုစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။ အဆိုပါမိုးရာသီစိုက်ပျိုးသီးနှံများ လျာထားဧကပြည့်မီကျော်လွန်စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်အဖွဲ့များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ကွင်းဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့်နည်းပညာနှင့် စိုက်ပျိုးရေးနည်းလမ်းကောင်းများကို ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)