ထားဝယ် ဇူလိုင် ၁၂
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူလတန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ နံရံကပ်ပြဘုတ်များနှင့် စာအုပ်စာစောင်များပြပွဲများကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က ကျောင်းသား/ကျောင်းသူများ မျိုးချစ်စိတ်ဓာတ်နှင့် နိုင်ငံချစ်စိတ်ဓာတ်များ ထက်သန်စေရန်၊ မိမိတို့နိုင်ငံ လွတ်လပ်ရေးရရှိစေရန်အတွက် အသက်ကိုပဓာနမထားပဲ စွန့်လွှတ်အနစ်နာခံခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားမြတ်နိုးတန်ဖိုးထားတတ်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကြောင်းကို အကျဉ်းချုပ် ရှင်းလင်းပြောကြားသည်။
ထို့နောက် အခြေခံပညာကျောင်းပေါင်းစုံမှ မူလတန်းအဆင့် ကျောင်းသား/သူများက အာဇာနည်နေ့ တို့မမေ့ခေါင်းစဉ်ဖြင့် ကျပန်းစကားပြောပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာမများနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ နားထောင်ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများက (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသော အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိနှင့် အဆိုအမိန့်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏သမိုင်းဝင် မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မိန့်ခွန်းများ၊ အာဇာနည်(၉)ဦး၏ မှတ်တမ်းဓာတ်ပုံများနှင့် သုတ ရသ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရသည်။
ငွေဇင်ယော်(ထားဝယ်)