နတ်တလင်းမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၂) နှစ်အောက် မြို့နယ်ပညာရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

နတ်တလင်း ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၂) နှစ်အောက် မြို့နယ်ပညာရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပြုလုပ်ရာ တာဝန်ခံ မြို့နယ်ပညာရေးမှူးဦးအောင်ကိုဝင်း၊ မြို့နယ်အားကစားအားကစားမှူး ဒေါ်ဝင်းသီရိလှိုင်၊ ဆရာ/ဆရာမများ၊ ပြိုင်ပွဲဝင် ဘောလုံးအသင်းများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက် ခဲ့ကြသည်။

ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် လှပခြင်းတိုက်နယ်အသင်းနှင့် တာပွန်တိုက်နယ်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြရာ လှပခြင်းတိုက်နယ်အသင်းက တာပွန်တိုက်နယ် အသင်းအား (၃-၂) ဖြင့် အနိုင်ရရှိခဲ့သည်။

ထိုနောက် ဆုချီးမြှင့်ပွဲကျင်းပရာ အားကစားပြိုင်ပွဲတွင် တတိယဆုရ ဗဟို(၁)တိုက်နယ် အသင်းအား မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ကြည်ဖြူထွန်းမှ ငွေသားဆု (၆) သောင်းကျပ်အားလည်းကောင်း၊ ဒုတိယဆုရ တာပွန်တိုက်နယ်အသင်းအား မြို့မအ.ထ.က. ကျောင်အုပ်ဆရာမကြီး ဒေါ်နွယ်နွယ်မှ ငွေသားဆု (၈) သောင်းကျပ်အားလည်ကောင်း၊ ပထမဆုရ လှပခြင်းတိုက်နယ်အသင်းအား အ.ထ.က (နတ်တလင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်ကျော်မှ ငွေသားဆု (၁) သိန်းကျပ်နှင့် တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးအောင်ကိုဝင်းမှ ပထမဆုတံခွန်စိုက်ဖလားချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)