ဘားအံ ဇူလိုင် ၁၂
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(ဘားအံ)၏ လက်ရက်ကန်း(၆)လသင်တန်း (ပထမအကြိမ်)ဆင်းပွဲနှင့် လက်ရက်ကန်း(၆)လ သင်တန်း(ဒုတိယအကြိမ်)ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းကျောင်းမှသင်ကြားပေးလိုက်သည့် စာတွေ့/လက်တွေ့များကို အသုံးချပြီး မိမိတို့၏လက်တွေ့နယ်ပယ်အသီးသီးတွင် ပိုမိုကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်ကြိုးစားမှုတို့ဖြင့်ပေါင်းစပ်ကာ ကောင်းမွန်ဆန်းသစ်သည့် ရက်ထည်များဖန်တီးရက်လုပ်ရောင်းချပေးနိုင်သော လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်ခန့်က သင်တန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဆင်းသင်တန်းသူ(၆)ဦးအား လက်ရက်ကန်းစင်များကို ထောက်ပံ့ပေးအပ်ကာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ငွေကျပ် (၂၅၆၂၀၀၀)တန်ဖိုးရှိရက်ကန်းဆက်စပ်ပစ္စည်းများနှင့် ကုန်ကြမ်းများ၊ သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ် များအားပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် သင်တန်းဆင်းသင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီး ချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသူများအားထောက်ပံ့ပေးအပ်သည့် လက်ရက်ကန်းစင်များ၊ ဆက်စပ်ပစ္စည်းများနှင့်ကုန်ကြမ်းများ၊ သင်တန်းဆင်းသင်တန်းသူများ၏ ကိုယ်တိုင် ရက်လုပ်ထားသော သင်တန်းဆင်းလက်ရာများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း၊ ဘားအံမြို့ အနေဖြင့် ရက်ကန်းပုံမှန်သင်တန်းများ ဖြစ်သော အထည်အလိပ်ကျွမ်းကျင်သူတစ်နှစ်သင်တန်း၊ လက်ရက်ကန်း(၆)လသင်တန်းနှစ်ကြိမ်တို့ကို ဖွင့်လှစ်ပေးသည့်အပြင် ကာလတိုသင်တန်းများဖြစ်သော စားသောက် ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ အထည်ဆေးရေးနှင့် ပန်းပုံရိုက်သင်တန်း၊ တိုင်းရင်းသားရိုးရာဂျပ်ခုတ်နည်းပညာသင်တန်း၊ လက်ရက်ကန်းနှင့် ဖဲနှတ်ကောက်သင်တန်း၊ အခြေခံစက်ချုပ်နည်းပညာသင်တန်းတို့ကို ဖွင့်လှစ်သင်ကြားပေးလျှက် ရှိရာ ရက်ကန်းပုံမှန်သင်တန်းသူများကို နိုင်ငံတော်အစိုးရက တစ်လတစ်ဦးလျှင် သုံးသောင်းကျပ်၊ ပြည်နယ်အစိုးရအဖွဲ့မှလည်း လစဉ် ဆန်၊ ဆီနှင့် တစ်ဦးလျှင်နှစ်သောင်းကျပ်နှင့် သင်တန်းသူများ၏ ကျန်းမာရေး၊ လူမှုရေးနှင့်အခြားကိစ္စရပ်များကိုလည်း စီစဉ်ဆောင်ရွက်ပေးထားကာ သင်တန်းဆင်းပြီးပါက ချည်မျှင်နှင့်အထည်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန်ချိတ်ဆက်ပေးသည့် အပြင် ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သည့် ရက်ကန်းစင်ကြီးများ၊ ဆက်စပ်ပစ္စည်းများဖြင့် အိုးမကွာအိမ်မကွာ ကိုယ်ပိုင်ရက်ကန်းလုပ်ငန်းများထူထောင်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)