သာယာဝတီမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

သာယာဝတီ ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာမိုးက ယနေ့လူငယ်၊ နောင်ဝယ်လူကြီးဆိုသည့် စကားအတိုင်း နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများအနေဖြင့် အသိပညာဗဟုသုတတိုးပွားစေရန်၊ ဗလငါးတန် ပြည့်စုံစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ယခုလို လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ​ပြောကြားခဲ့သည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်အားကစားမှူး ဒေါ်သူဇာအောင်က အားကစားဆိုသည်မှာ အင်အားနှင့်ဉာဏ်ရည်ပေါင်းစပ်၍ လုပ်ဆောင်ကြရကြောင်း၊ အားကစားတွင် ယှဉ်ပြိုင်အားကစား၊ အပန်းဖြေအားကစား၊ ရိုးရာအားကစား၊ လူထုအားကစားဟူ၍ (၄) မျိုးရှိပြီး၊ နွေရာသီကျောင်းအားလပ်ရက်များတွင် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်‌ကြောင်း ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အိအိအောင်က လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်က လူငယ်နှင့်ပညာရေးခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့သည်။

ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)