ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယမြောက်နေ့သို့တက်ရောက်

ဟားခါး ဇူလိုင် ၁၂

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယမြောက်နေ့ကို ယမန်နေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှိ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆက်လက် ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲ ဒုတိယမြောက်နေ့တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းညွှန်ကြားမှုဦးစီးဌာန  ပြည်နယ်ဦးစီးမှူး ဦးဟန်ဇော်လင်း၊ ဒင်လိုပါးကျေးရွာမှ ဝဥစိုက်တောင်သူ ဦးထန်နဲန်း၊ ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမြင့်ဇော်ထွန်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်နီနီလွင်၊ နွားနောက်မွေးမြူရေးလုပ်ငန်းရှင် ဦးယူဒီယာနှင့် ချင်းမြို့သူလက်ဖက်ရည်ဆိုင်မှ လက်ဖက်ရည်ပိုင်ရှင် ဦးအောင်ရဲထွန်းသွင်တို့က မိမိတို့ကဏ္ဍအလိုက် MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးအတွက် ဆောင်ရွက်ချက်များနှင့် နည်းပညာ များကို လည်းကောင်း၊ လုပ်ငန်းရှင်များက မိမိတို့လုပ်ငန်းအလိုက် ဆောင်ရွက်ထားရှိမှုနှင့် အစိုးရ ဘက်မှ ဆောင်ရွက်ပေးစေလိုသည့် အချက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များက ထပ်မံသိရှိ လိုသည်များကိုမေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ အမြင်ချင်းဖလှယ်ကြသည်။

ယင်းနောက်အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာကြသူများက စားပွဲဝိုင်းအလိုက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးတို့အတွက် မည်ကဲ့သို့ဆောင်ရွက်သင့်ကြောင်းကို ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များပေါ်ထွက်ရှိလာသည့် အကြံပြုချက်များကို စားပွဲဝိုင်းအလိုက် ကိုယ်စားလှယ်တစ်ဦးစီက ရှင်းလင်းဖတ်ကြားကြသည်။

ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်က ဆွေးနွေးတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးပွဲ အပိတ်စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး ဆွေးနွေးပွဲရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင် ( ပြန်/ဆက် )