မြန်အောင်မြို့၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွား

မြန်အောင် ဇူလိုင် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် လွန်ဆေးမြိုင် ပန်းခြံမြောက်ဘက် ပြည်ခိုင်ဖြိုးရုံးအနီး ပေ (၂၀)ခန့်အကွာ၊ ဆည်မြောင်းစွန့်ပစ်ရေကာတာမှ (၅)ပေခန့်အကွာ၌ ခရိုင်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Geotextile ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ထားသည့်နေရာတွင် ယနေ့နေ့လယ်က ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် အလျား ၁၅ ပေ၊ အနံ ၃ ပေ ခန့် ကမ်းပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 အဆိုပါ ကမ်းပြိုမှုဖြစ်ပွားသည့်နေရာသို့ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင် ၊ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း နှင့် တာဝန်ရှိသူများက ကမ်းပြိုမှုအခြေအနေအား ကြည့်ရှု၍ ကမ်းပြိုကမ်းစားမှု သက်သာစေရန် ခရိုင်ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မြစ်ကမ်းဘေးရှိ သစ်ပင်ကြီးများ၏ အကိုင်းများ ခုတ်ထွင်၍ ရေဂလိုင်ထဲသို့ချခြင်း၊ ရေတောင်မွေ့ ပေ ၃၀၀ ခန့်ချ ထားနိုင်ရေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)