ဒေးဒရဲမြို့နယ် မငေးကလေးကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားများထုတ်ပေးနိုင်ရေးနှင့်(Biometric Data)များ ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဒေးဒရဲ ဇူလိုင် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးနှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများကို  ယမန်နေ့က မငေးကလေးကျေးရွာအုပ်စု၊ မငေးကလေးကျေးရွာ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒေးဒရဲမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးနိုင်ဦးလှိုင်ကြီးကြပ်မှုဖြင့် ဒုတိယဦးစီးမှူး ဦးဇော်မိုးနိုင်နှင့် ဝန်ထမ်းများက မငေးကလေးကျေးရွာသို့ ကွင်းဆင်း၍ မြေပြင်အရောက် လူကျန်စာရင်း အကွက်အပေါက်များ ကောက်ယူခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ ပြည်သူများ၊အသက်(၁၀)နှစ်ပြည့်ပြီးသူနှင့် အသက် (၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် (Biometric)ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ သက်ဆိုင်ရာတိုက်နယ်မှူးများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဒေးဒရဲမြို့နယ်ဦးစီးမှူးရုံးက သိရသည်။

အေဇာလင်း