တနင်္သာရီ ဇူလိုင် ၁၂
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့”ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး (၁၀ပေ-၆ပေ)မြေစိုက်ပိုစတာကို ယနေ့နံနက် ၈ နာရီအချိန်က လူအသွားအလာများသည့် တနင်္သာရီတံတားအနီးနေရာ၌ မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ စုပေါင်းစိုက်ထူပေးကြကြောင်း သိရသည်။
အဆိုပါ မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနားသို့ တနင်္သာရီမြို့နယ်၊ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့်ကော်မတီဝင် ဌာနဆိုင်ရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီမြို့နယ် ဦးစီးမှူး ဦးမြင့်ကြွယ်နှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်းနှင့်အဖွဲ့ဝင်များတက်ရောက်ကြပြီး စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကြသည်။
ထို့နောက် ဦးစီးမှူး ဦးမြင့်ကြွယ်နှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက “လူဦးရေစာရင်းများ မှန်ကန်မှ အနာဂတ်လူနေမှုဘဝ တိုးတက်မြင့်မားမည်” ဆောင်ပုဒ်ဖြင့် ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှထုတ်ဝေသည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း(၂၀၂၄) အသိပညာပေး လက်ကမ်းစာစောင် (၅၀၀) စောင်ကို ခရီးသွားမိဘပြည်သူများအား ဖြန့်ဝေပေးကြကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)