ပခုက္ကူတက္ကသိုလ်၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပခုက္ကူ ဇူလိုင် ၁၂

ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရေး၊ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပခုက္ကူတက္ကသိုလ်တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပခုက္ကူတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က ဦးဆောင်ဆွေးနွေးရာ ပခုက္ကူတက္ကသိုလ်၊ အင်္ဂလိပ်စာဌာနမှ ဒုတိယနှစ်ဂုဏ်ထူးတန်းမှ ကျောင်းသား မောင်မင်းထက်မောင်မောင်က “လူငယ်နှင့်ကိုယ်ကျင့်တရား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သမိုင်းဌာနမှ ပထမနှစ်ကျောင်းသူ မထက်ထက်ဝင်းက “လူငယ်နှင့်ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဓာတုဗေဒဌာနမှ မဟာသိပ္ပံအရည်အချင်းစစ်သင်တန်းကျောင်းသူ မဖြိုးအိခိုင်က “လူငယ်နှင့်နည်းပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာစာဌာနမှ ပထမနှစ်ဂုဏ်ထူးတန်းကျောင်းသူ မမေဇင်ခန့်က “လူငယ်နှင့်တီထွင်ဆန်းသစ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းတက်ရောက်လာကြသည့် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြသည်။

ထို့အပြင် လူငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)