ကြံခင်းမြို့၌ သဘာဝဘေးအန္တရာယ် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်

ကြံခင်း ဇူလိုင် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့နှင့် လူမှုအသင်းအဖွဲ့များပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့မရပ်ကွက်ရှိ နန်းဦးဆိပ်ကမ်းတွင် သဘာဝဘေးအန္တရာယ် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးကြသည်။

ဦးစွာ  ကြံခင်းမြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်စခန်းတွင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အသင့်တုံ့ပြန်ဆောင်ရွက်နိုင်ရေး စုဖွဲ့ထားရှိမှုနှင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင်က ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား ရှင်းလင်းတင်ပြမှုအပေါ် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဖွဲ့ဥက္ကဋ္ဌနှင့် ဦးသိန်းတန်နှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို နန်းဦး ဆိပ်ကမ်းရှိ ချောင်းအတွင်းပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ကြံခင်းမြို့ပေါ်ရပ်ကွက် မြေနိမ့်ပိုင်းနား ဧရာဝတီမြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရန် ဧရာဝတီမြစ်ကမ်းတစ်လျှောက် လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)