စေတုတ္တရာ ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူလေးများ ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အောက်ဝေါကျေးရွာတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က ကျောင်းသား၊ ကျောင်းသူလေးများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူအများရှေ့တွင် စကားပြောစွမ်းရည် ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိကာ အနာဂတ်နိုင်ငံတော်အတွက် သားကောင်း၊ သမီးကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ စေတုတ္တရာမြို့နယ်အောက်ဝေါ အ.ထ.က(ခွဲ)ကျောင်းမှ Grade-10, 11 တို့မှ ကျောင်းသား၊ ကျောင်းသူ (၄) ဦးက "လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်နည်းပညာ" အစရှိသည့်ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးကြရာ တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူလေးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆွေးနွေးကြသည် ကျောင်းသား၊ ကျောင်းသူလေးများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်၍ တက်ရောက်လာကြသော အခြေခံပညာဦးစီးဌာန ဒုတိယမြို့နယ်ပညာရေးမှူး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အောက်ဝေါကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အောက်ဝေါကျေးရွာ အ.ထ.က (ခွဲ)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ/ရသ စာအုပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန် /ဆက်