ပွင့်ဖြူမြို့နယ်၌ တောင်သူအစုအဖွဲ့များ ပူးပေါင်း၍ နှမ်းသီးနှံ စုပေါင်းရောင်းချပွဲ ကျင်းပမည်

ပွင့်ဖြူ ဇူလိုင် ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် သီးနှံများ ရောင်းချနိုင်ရန်အတွက် တိုင်းဒေသကြီးတောင်သူဖွံ့ဖြိုးရေးအဖွဲ့(RFDA)၊ မြို့နယ်တောင်သူ အကျိုးဆောင်အသင်း (FFA) နှင့် မြင့်မြတ်တော်ဝင်သီးနှံရောင်းဝယ်ရေးကုမ္ပဏီတို့ပူးပေါင်းပြီး ဇူလိုင်လ (၁၅) ရက်နေ့တွင် ကံသာကြီးကျေးရွာ၌ တောင်သူ အစုအဖွဲ့များ စုပေါင်းပြီး နှမ်းသီးနှံ စုပေါင်းရောင်းချပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တောင်သူအစုအဖွဲ့များစုပေါင်း၍ နှမ်းသီးနှံ စုပေါင်းရောင်းချပွဲကို မြို့နယ်တောင်သူ အကျိုးဆောင်အသင်း (FFA) က ဒေသတွင်းရှိ တောင်သူများ ရာသီအလိုက် သီးနှံများ ရောင်းချရာ၌ အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် ရောင်းချ ခွင့်ရရှိစေရန် စီစဉ်ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး သီးနှံများဝယ်ယူရာ၌ အဖျင်း၊ အမှော်၊ သဲခဲ၊ လုံးပိန်၊ လုံးညှပ် စသဖြင့် ပါဝင်မှု အနည်းအများ အရည်အသွေးပေါ် မူတည်ပြီး အဆင့်များခွဲ၍ ကာလပေါက်ဈေးအတိုင်း ဝယ်ယူသွားမည်ဖြစ်ကြောင်း၊ သီးနှံရောင်းရငွေများ ပေးချေရာတွင်လည်း ငွေသားဖြင့် ပေးချေခြင်းမပြုဘဲ ဘဏ်အကောင့်များ ဖွင့်ပြီး ပေးချေသွားမှာဖြစ်ကြောင်း၊ နှမ်းသီးနှံလာရောက် ရောင်းချမည့် တောင်သူများအနေဖြင့် သီးနှံရောင်းချရန်အတွက် ဘဏ်အကောင့် ဖွင့်လှစ်ရန် မှတ်ပုံတင်ကတ်ပြားများ ယူဆောင်လာကြရန် ကြိုတင်အသိပေး ဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)မှ အသင်းဥက္ကဋ္ဌ ဦးမြင့်အောင်ထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်သည် မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်အပါအဝင် ကျေးရွာအုပ်စု (၅၆) အုပ်စုရှိပြီး ကျေးရွာပေါင်း (၂၀၅) ရွာရှိကာ ဒေသခံကျေးလက်နေပြည်သူများမှာ နှစ်စဉ် မဲဇလီရေလွှဲဆည်ရေဖြင့် စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပန်းနှမ်း၊ ပဲတီစိမ်း၊  ကုလားပဲ၊ ထောပတ်ပဲ၊ ပဲလွမ်း၊ ပဲစင်းငုံ၊ ပဲနောက်၊ ပဲကြီး ၊ ဖူးစားပြောင်းနှင့် အခြား ဟင်းသီးဟင်းရွက် စားပင် သီးနှံမျိုးစုံတို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ ယခုနှစ်တွင် မဲဇလီရေလွှဲဆည်ရေကို အမှီပြုစိုက်ပျိုးခဲ့သည့် နွေနှမ်းစိုက်ခင်းများမှာ စိုက်ပျိုးရေနှင့် ရာသီဥတု မျှတကောင်းမွန်ခဲ့သဖြင့် အောင်မြင်ဖြစ်ထွန်းပြီး သီးနှံအထွက်နှုန်းများ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )