သရက် ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲတွင် သရက်မြို့နယ်ကိုယ်စားပြု တံခွန်စိုက်ဒိုင်းဆုရရှိခဲ့ကြသော အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဦးစိုးလှမြင့်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်အားကစားမှူးက ပြေးခုန်ပစ် ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အမျိုးသားအသင်း ပထမဆု၊ အမျိုးသမီးအသင်း ဒုတိယဆုနှင့် အသင်းလိုက် တံခွန်စိုက်ဆု ရရှိခဲ့ကြသည့် အားကစားသမားများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) နှင့် ဌာနဆိုင်ရာများက ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့သည်။
ထို့နောက် သရက်မြို့နယ်မှ ရရှိသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဖလားမြို့နယ် ပေါင်းစုံ ပြေးခုန်ပစ် ပြိုင်ပွဲ တံခွန်စိုက်ဒိုင်းဆုများအား သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။ ပြိုင်ပွဲအသီးသီးတွင် သရက်မြို့နယ်အားကစားသမားများက ရွှေတံဆိပ် (၉) ခု၊ ငွေတံဆိပ်(၆) ခုနှင့် ကြေးတံဆိပ် (၃) ခု ရရှိခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(သရက်)