ငဖဲ ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဌေးက (၇၇) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ဒု-မူလတန်းပြဆရာမ ဒေါ်သီတာလွင်က အာဇာနည်အဓိပ္ပါယ်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦး၏ အထ္ထူပ္ပတ္တိများ၊ (၇၇) နှစ်မြောက် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှတ်တမ်းများနှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးဆိုင်ရာ သိကောင်းစရာများကို ကျောင်းသားကျောင်းသူများအား အသိပညာပေး ပြောကြားသည်။
ဆက်လက်၍ ဆရာ၊ဆရာမများဦးဆောင်ကြီးကြပ်ပြီး အာဇာနည်နေ့တို့မမေ့ ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် အလေးအမြတ်ပြုသည်အာဇာနည် ခေါင်းစဉ်ဖြင့် ကဗျာပြိုင်ပွဲကို ကျင်းပရာ အထက်တန်းဆင့် ဝင်ရောက်ယှဉ်ပြိုင်သူ ကျောင်းသား/သူ (၁၉)ဦး၊ အလယ်တန်းဆင့် (၃၅)ဦး၊ မူလတန်းဆင့် (၂၀)ဦး စုစုပေါင်း ကျောင်းသား/သူ (၇၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)