ပွင့်ဖြူ ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် အခြေခံပညာစာသင်ကျောင်း (၁၂) ကျောင်းအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ရေဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ထပ်မံယာယီပိတ်ထားခဲ့ရကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာစာသင်ကျောင်း (၁၂) ကျောင်းမှာ ကံလှကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ နန်းတော်ကျွန်းကျေးရွာအခြေခံပညာမူလတန်းကျောင်း၊ ပေါက်ကုန်းရွာသစ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ဇေယျာမြိုင်ကျေးရွာအခြေခံပညာမူလတန်းကျောင်း၊ ကြည်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း ၊ ပေါက်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ထူးကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၊ ရေချမ်းစဉ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ညောင်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ငါးခြောက်ကျွန်း (ရေလယ်ကျွန်း) ကျေးရွာအခြေခံပညာမူလတန်းကျောင်း၊ ဆည်မုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် ဇီးကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ တို့ဖြစ်ပြီး ယင်းစာသင်ကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ရေဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် မြစ်ရေ ပြန်လည် ကျဆင်းသည်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်းနှင့် မြစ်ရေကျဆင်းချိန်တွင် ပြန်လည်ဖွင့်လှစ်သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာစာသင်ကျောင်းများ အနေဖြင့် ဇူလိုင်(၁၀)ရက်နေ့မှ ယနေ့အထိ စုစုပေါင်း အခြေခံပညာစာသင်ကျောင်း (၁၉) ကျောင်းရှိပြီဖြစ်ကာ အဆိုပါ ယာယီပိတ်ထားရသည့် စာသင်ကျောင်းများရှိ ကျောင်းသားကျောင်းသူများ စာသင်ချိန် သင်ခန်းစာနောက်မကျစေရေး ကျောင်းပြန်လည်ဖွင့်ချိန်တွင် စာသင်ရက်များကို အစားထိုး၍ စနစ်တကျ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေးထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)