သရက် ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းနားတစ်လျှောက် မြစ်ရေများဝင်ရောက်လာသဖြင့် ရေဝင်ရောက်သည့် ရေပေါ်ကျွန်းကျေးရွာ၊ ထုံးတောင်ကျေးရွာနှင့် အမှတ် (၅) ရပ်ကွက်တို့ရှိ အိမ်ထောင်စုများမှ ပြည်သူများအား ရေကင်းလွတ်ရာ နေရာများသို့ ပြောင်းရွှေ့ပေးခဲ့ပြီး အဆိုပါနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ သရက်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိုနယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီခွဲက နိုင်ငံတော်မှ ထောက်ပံ့သည့် ဆန် ရိက္ခာဖိုးထောက်ပံ့ငွေများအား ရေဘေးရှောင်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင်ရွှေမုဌောဘုရားဓမ္မာရုံ၌ ရေဘေးရှောင်အိမ်ထောင်စု (၁၃) စု၊ လူဦးရေ (၆၃) ဦး လေးထပ်ကျောင်း၌ ရေဘေးရှောင် အိမ်ထောင်စု (၁၂)စု၊ လူဦးရေ (၄၄)ဦးနှင့် စံပုံတင်ဘုန်းကြီးကျောင်း၌ အိမ်ထောင်စု ( ၁ ) စု၊ လူဦးရေ(၅) ဦး၊ စုစုပေါင်း အိမ်ထောင်စု(၂၆)စု၊ လူဦးရေ (၁၁၂) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ လူတစ်ဦးလျှင် (၂၁၀ဝ) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၂၃၅၂၀ဝ) ကျပ်နှင့် ရေသန့်ဗူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ခေါက်ဆွဲခြောက်နှင့် အဟာရမုန့်များကို ရေဘေးရှောင်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(သရက်)