ကံမမြို့နယ်၌ ဧရာဝတီမြစ်အတွင်း ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင်ရေယာဉ်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ ပြေးဆွဲနိုင်ရေး ကွင်းဆင်းစစ်ဆေး

ကံမ ဇူလိုင် ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ဧရာဝတီမြစ်အတွင်း ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင်ရေယာဉ်များအား မိုးရာသီကာလ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြေးဆွဲနိုင်ရေးအတွက် လိုင်စင်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ရန်နှင့် အသက်ကယ်ဝတ်စုံများ၊ အသက်ကယ်ဘောများ ပြည်စုံစွာ ထားရှိခြင်းရှိမရှိတို့အား ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအုန်းဌေး၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ ကံမ-ပြည် ကူးတို့ရေယာဉ်လိုင်း၊ ကံမ-ကျော်စွာ ကူးတို့ရေယာဉ်လိုင်းနှင့် ကံမ-ကံမလေးရွာ (အောင်လံမြို့နယ်) ကူးတို့ရေယာဉ်လိုင်းတို့အား မိုးရာသီကာလ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြေးဆွဲနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)