ရေနံချောင်းမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ ပေးအပ်

ရေနံချောင်း ဇူလိုင် ၁၂

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် မာန်မြေကျေးရွာအုပ်စု၊ မိန်းမလှကျွန်းကျေးရွာမှ ရေဘေးရှောင်အိမ်ထောင်စုဝင်များအား ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့က ဘုရားကုန်းကျေးရွာ ပင်းစက္ကလံပ (ပင်းဘုရား) ဝန်းအတွင်း ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းတွင် ပြုလုပ်သည်။

ထိုသို့ထောက်ပံ့ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ပြာစိုးနှင့် ဝန်ထမ်းများက မိန်းမလှကျွန်းကျေးရွာ ရေဘေးရှောင်အိမ်ထောင်စု ၃၆ စုမှ လူဦးရေ ၁၅၁ ဦးအတွက် တစ်ပတ်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ၃၁၇၁၀၀ ကျပ်ကို ရေဘေးရှောင်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

ရေနံချောင်းမြို့နယ် မာန်မြေကျေးရွာအုပ်စု၊ မိန်းမလှကျွန်းကျေးရွာအတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ဒေသခံပြည်သူများ ဘေးအန္တရာယ်မကျရောက်စေရန် ယခုလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ရေဘေးလွတ်ရာ ပင်းဝကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာ ပင်းစက္ကလံပ (ပင်းဘုရား) ဝန်းအတွင်းရှိ ဇရပ်၊ တန်းဆောင်းများတွင် ကြိုတင်ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)