ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ

ငဖဲ  ဇူလိုင် ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မာမာအေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံတော်၏ နေ့ထူးနေ့မြတ် အထိမ်းအမှတ်နေ့များကို သိရှိစေရန်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်အပေါင်းတို့၏ မျိုးချစ်စိတ်ဓာတ်၊ မြင့်မြတ်သောစိတ်ထား၊ တိုင်းပြည်အပေါ် စေတနာမှန်ဖြင့် လွတ်လပ်ရေးရရန်ကြိုးပမ်းခဲ့ကြသည့် အာဇာနည်တို့၏ဂုဏ်ရည်ကို အစဉ်အမြဲအောက်မေ့သတိရပြီး တန်ဖိုးထားလေးစားမြတ်နိုးတတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ထာဝစဉ်ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ ဟောပြောပွဲများ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့သည်။

ဆက်လက်၍ ဆရာ၊ ဆရာမများ ဦးဆောင်ကြီးကြပ်၍ ပြိုင်ပွဲကို ကျင်းပရာ “အလေးအမြတ်ပြုသည်အာဇာနည်” ခေါင်းစဉ်ဖြင့် အခြေခံပညာအထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူ ကျောင်းသား/သူ (၄)ဦး၊ အလယ်တန်းဆင့် (၁၅)ဦး၊ မူလတန်းဆင့် (၁၇)ဦးနှင့် “အာဇာနည်နေ့တို့မမေ့” ခေါင်းစဉ်ဖြင့် အထက်တန်းဆင့်ကဗျာပြိုင်ပွဲတွင် (၇)ဦး၊ အလယ်တန်းဆင့်ကဗျာပြိုင်ပွဲ (၁၉)ဦး စုစုပေါင်း ကျောင်းသား/သူ (၆၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)