နတ်မောက်မြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးသော ကျေးရွာများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း

နတ်မောက် ဇူလိုင် ၁၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ တက်ဝန်ကျေးရွာရှိ မိဘပြည်သူများ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် နတ်မောက်ကွန်ရက်ပရဟိတလူမှု အကျိုးပြုအသင်းမှ ယမန်နေ့ နံနက်ပိုင်းက သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြသည်။

ထိုသို့ သောက်သုံးရေများလှူဒါန်းရာတွင် တက်ဝန်ကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်းနှင့် မိဘပြည်သူများအတွက် ရေဂါလန် (၂၈၀၀) ဆံ့ ကမ္ဘောဇအနာဂတ်အလင်းတန်း ရေသည်ယာဉ်ဖြင့် နတ်မောက် ကွန်ရက်ပရဟိတလူမှုအကျိုးပြုအသင်းမှ စုပေါင်းလှူဒါန်းငွေဖြင့် သောက်သုံးရေကုသိုလ် ပြုလှူဒါန်းခဲ့ကြသည်။

အလယ်ပိုင်းမိုးနည်းရပ်ဝန်းဒေသတွင် ပါဝင်နေသည့်အတွက် မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် ဒေသခံကျေးလက်နေပြည်သူများ နှစ်စဉ်သောက်သုံးရေရှားပါးမှု အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရပြီး ယခုနှစ်တွင် မြိုနယ်အတွင်း၌ မိုးရွာသွန်းမှု နည်းပါးခဲ့သည်အတွက် အညာကျေးလက်ဒေသများရှိ  မြေသားရေကန်ကြီးများတွင် မိုးရေဝင်ရောက်မှုနည်းပါးခဲ့ကာ ရေခန်းခြောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ကျေးလက်နေပြည်သူများအနေဖြင့် တစ်နှစ်ပတ်လုံး သောက်သုံးရေအတွက် အဝီစိစက်ရေတွင်းများကိုသာ မှီခိုအားထားပြုနေရပြီး စက်ရေတွင်းမရှိသည့် ကျေးရွာများတွင်  မိုးရေကို သိုလှောင်နိုင်သည့် မြေသားရေကန်မှ ရေကို အသုံးပြုရသည့်အတွက် ယခုလို မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် သောက်သုံးရေ အခက်အခဲကြုံတွေ့နေရကြောင်း  တက်ဝန်ကျေးရွာမှ ဒေသခံပြည်သူများထံမှ သိရသည်။

လှဝင်း