ကသာ ဇူလိုင် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်အတွင်းပတ်ဝန်းကျင်လေထုအရည်အသွေးညွှန်းကိန်းနှင့် ဧရာဝတီမြစ်၏ရေအရည်အသွေးတိုင်းတာမှုရလဒ်များကို လစဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။
ကသာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရပ်ကွက်(၉)နှင့်ရပ်ကွက်(၅)တို့တွင် အပတ်စဉ်ပတ်ဝန်းကျင် လေထုအရည်အသွေး တိုင်းတာမှုရလာဒ်အပေါ် အကြံပြုချက်များမှာ စွန့်ပစ် အမှိုက်များကို စည်းကမ်းမဲ့မီးရှို့ခြင်းမှ ရှောင်ကြဉ်ပြီး 3Rs(Reduce, Reuse, Recycle)စနစ်အား လိုက်နာကျင့်သုံးခြင်း၊ လမ်းဘေးဝဲယာ/အများပိုင်နေရာများ၊ ရုံးဝင်းအတွင်းအရိပ်ရလေကာပင်များ စိုက်ပျိုးပြုစု ပျိုးထောင်းခြင်း၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအတွက် အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများအနေဖြင့် တတ်နိုင်သမျှနေအိမ်အတွင်း နေထိုင်ကြရန်၊ အပြင်သို့ ထွက်ခွာသွားလာရန်လိုအပ်ပါက တစ်ကိုယ်ရည် ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းဖြစ်သည့် (နှာခေါင်းစည်း)များအား ဝတ်ဆင်၍သွားလာကြရန် ထုတ်ပြန်ကြေညာထားကြောင်း၊ ကသာမြို့နယ် စေတီကုန်းနှင့် ကပ္ပလိပ်ရွာကြား၊ သဖန်းကိုင်းနှင့် ဘိုကုန်းရွာကြားတို့တွင် တိုင်းတာချက်များအရ ဧရာဝတီမြစ်၏ ရေအရည်အသွေးတိုင်းတာမှု ရလာဒ်များမှာ PH, TDS, တန်ဖိုးများမှာ သတ်မှတ် စံချိန်စံညွှန်းအတွင်းရှိနေကြောင်း၊ DO တန်ဖိုးမှာ Guiseline ထက်ကျော်လွန်နေကြောင်း၊ ရေတွင် Oxyg ပျော်ဝင်မှု ပမာဏကောင်းမွန်ကြောင်း၊ Turbidity နောက်ကျိမှု ပမာဏနှုန်းမှာ သတ်မှတ်စံချိန်စံညွှန်းအတွင်း တည်ရှိနေပြီး Fresh Water ဖြစ်ကြောင်း ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ သိရသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း အပတ်စဉ်ပတ်ဝန်းကျင် လေထုအရည်အသွေးနှင့် ဧရာဝတီမြစ်၏ရေအရည်အသွေး တိုင်းတာရရှိသည့်ရလာဒ်များကို ပြည်သူအများသိရှိနိုင်စေရန် ကားဂိတ်များ၊ ဈေးများ၊ ကြော်ငြာဆိုင်းဘုတ်များနှင့် မိမိတို့၏လူမှုမီဒီယာကွန်ရက်များတွင် ထုတ်ပြန်ပေးလျက်ရှိပါကြောင်း ကသာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရဲလင်းထွန်း(ကသာ)