ရေနံချောင်း ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူလေးများ ဗလငါးတန်နှင့်ပြည့်စုံစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း နဝဒေခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးရုံး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဖြိုးဝေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ကျောင်းသား၊ ကျောင်းသူလေးများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူအများရှေ့တွင် စကားပြောစွမ်းရည် ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိကာ အနာဂတ်နိုင်ငံတော်အတွက် သားကောင်း၊ သမီးကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ အ.ထ.က (၁) ကျောင်း Grade-10,11,12 တို့မှ ကျောင်းသား၊ ကျောင်းသူ (၆) ဦးက လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး၊ လူငယ်နှင့်စာပေလေ့လာမှု၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့် အင်တာနက် စသည့်ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးကြရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြသည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ/ရသ စာအုပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)