အခွန်ကောက်ခံမှုနှုန်းထားကို တိုးမြှင့်ခွင့်မပြုဘဲ အခွန်ကောက်ခံသည့်နယ်ပယ်ကိုသာ တိုးချဲ့ဆောင်ရွက်သွားမည်

ဘားအံ ဇူလိုင် ၁၂

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကောက်ခံရရှိသော အခွန်ငွေအရပ်ရပ်ဖြင့် ဒေသဖွံ့ဖြိုးရေးကိစ္စအဝဝကို ဆောင်ရွက်ကြရသည်ဖြစ်သည့်အတွက် အခွန်ရရှိမှုအပေါ် မူတည်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ အခြေအနေအရပ်ရပ်ကြောင့် အခွန်ကောက်ခံမှုနှုန်းထားကို တိုးမြှင့်ခွင့်မပြုဘဲ အခွန်ကောက်ခံသည့်နယ်ပယ်ကိုသာ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပြီး ပေးဆောင်နေရသောအခွန်သည် နိုင်ငံတော်အတွက် ပြည်သူများအတွက်သာဖြစ်သည်ကို အများပြည်သူနားလည်သဘောပေါက်ရန်လိုကြောင်း၊ အခွန်ရှောင်သူများကို အဓိကစိစစ်ဖော်ထုတ်သွားရမည်ဖြစ်ပြီး အခွန်တိုးတက်ရရှိရန် နယ်ပယ်တိုးချဲ့ကောက်ခံခြင်းသာမက အခွန်ထမ်းပြည်သူ များပြားလာစေရေး ဆွဲဆောင်စည်းရုံးသွားရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ပြည်နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ အခွန်ပုန်း-အခွန်ရှောင်များ ဖော်ထုတ်ကောက်ခံရရှိရေး၊ အခွန်တိုးပွားရရှိရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးတင်ပြပြီး တွဲဖက်အတွင်းရေးမှူး ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးဦးဇော်မြတ်မင်းက မြန်မာနိုင်ငံ၏ အခွန်စနစ်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အခွန်အရပ်ရပ်ကောက်ခံရရှိမှု၊ ပြည်နယ်အတွင်းပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်မှုများအပေါ် အရေးယူဆောင်ရွက်ထားရှိမှု၊ အခွန်ကောက်ခံရရှိမှုနှင့် ဆုကြေးငွေထုတ်ပေးမှု၊ ပြည်နယ်အစိုးရအဖွဲ့သို့ အခွန်ဝေစုပေးချေခြင်း၊ အခွန်ပညာပေးရှင်းလင်းပွဲများဆောင်ရွက်မှု၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြသည်။

ယင်းနောက် တက်ရောက်လာသည့် ပြည်နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဝင်များက မြေပြင်ကြုံတွေ့နေရသည့်အခွန်ဆိုင်ရာ ကိစ္စရပ်များ၊ လူတိုင်းအခွန်ဆောင်ရမည့် အသိစိတ်ရှိစေရန် မြေပြင်အောက်ခြေထိ ကွင်းဆင်း၍ အလုပ်ရုံဆွေးနွေးပွဲ၊ ရှင်းလင်းပွဲ၊ ဆွေးနွေးပွဲများ ဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များနှင့် အခွန်တိုးတက်ကောက်ခံရရှိနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများက အခွန် အရပ်ရပ်ကောက်ခံရရှိမှု အခြေအနေ၊ အခွန်ပညာပေးရှင်းလင်းပွဲများဆောင်ရွက်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။

ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ နေ့လည် ၁၂ နာရီက အစိုးရနည်းပညာအထက်တန်းကျောင်းမှ  ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများနှင့်အတူ အထူးနေ့လည်စာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။

ထိုသို့ နေ့လည်စာသုံးဆောင်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က တိုင်းပြည်၏ အဓိကစီးပွားရေးမောင်းနှင်အားဖြစ်သော စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင်များ အတတ် ပညာရှင်များဖြစ်လာကြမည့် ကျောင်းသား၊ကျောင်းသူများအား အလေးထား၊ တန်ဖိုးထားသောအားဖြင့် ယခုကဲ့သို့ အထူးနေ့လည်စာကို လာရောက်သုံးဆောင်ခြင်းဖြစ်ပြီး တတ်သိပညာရှင်များဖြစ်အောင် သက်ဆိုင်ရာဘာသာရပ်များတွင် ပိုမိုကြိုးစား၍ တိုင်းပြည်အတွက်၊ ပြည်နယ်အတွက် အားကိုးအားထားရမည့်သူများဖြစ်အောင် ကြိုးပမ်းအားထုတ်ကြစေလိုကြောင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာရေးကိစ္စရပ်များကို အလေးထား၍ မိမိကိုယ်ကို လေ့ကျင့်ပျိုးထောင်တန်ဖိုးထားပြီး တက်ရောက်သင်ကြားနေသည့် ပညာရပ်များကို ဆုံးခန်းတိုင်ရောက်အောင် လေ့လာသင်ယူကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ကျောင်းသူများအတွက် ငွေကျပ် (ရှစ်သိန်းသုံးသောင်းငါးထောင်နှစ်ရာ)ကျပ်ကို ထောက်ပံ့ပေးအပ်ပြီး ကျောင်းအုပ်ကြီး အပါအဝင် ဆရာ၊ဆရာမ၊ ဝန်ထမ်း(၅၂)ဦး၊  ကျောင်းသား၊ကျောင်းသူ(၁၅၄)ဦးတို့နှင့်အတူ အထူးနေ့လည်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

ထိုသို့ အထူးနေ့လည်စာသုံးဆောင်နေမှုအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများက လိုက်လံကြည့်ရှု၍ အားပေးစကားများ ပြောကြားခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)