မြို့သစ် ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community centre) တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲများကို ပညာရေးဌာနနှင့်ပူးပေါင်းကာ ယနေ့နံနက် (၁ဝ) နာရီက ကျင်းပသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် နောက်ခံသမိုင်းအကျဉ်း၊ အာဇာနည်နေ့ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ လွတ်လပ်ရေးရရှိအောင် အသက်ပေးခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားများကို မမေ့ကြစေရန် အထူး လိုအပ်ကြောင်း၊ အာဇာနည်ကြီးများ အသက်ပေးခဲ့ရသည့် လွတ်လပ်ရေးကို အစဉ်ထာဝရတည်တံ့ခိုင် မြဲအောင်ကာကွယ်စောင့်ရှောက်ကြရန်၊ နှစ်စဉ်ကျရောက်သည့် ဇူလိုင်လ (၁၉) ရက်နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်းစသည်ဖြင့် အသိပညာပေး ဟောပြောသည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပတ္ထိများအကြောင်း အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များကို ဆရာ၊ ဆရာမများနှင့်အတူ ကျောင်းသား၊ ကျောင်းသူများက အထူးစိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုကာ မှတ်တမ်းများ ထားရှိခဲ့ကြကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်ဆက်)