မအူပင်မြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

မအူပင် ဇူလိုင် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကျန်းမာရေးအသိပညာပေးခြင်းများအား ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၂)ရပ်ကွက်ရှိ တိုးမြစ်ကမ်းနံဘေးတွင် နေထိုင်ကြသည့် နေအိမ်များသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်သည်။

အဆိုပါအသိပညာပေး ကွင်းဆင်းဆောင်ရွက်မှုအား မအူပင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုးသက်ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဌေးဌေးမော်နှင့်အဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများမှ တိုးမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်း၊ ဝမ်းပျက်ဝမ်းလျောရောဂါ မဖြစ်ပွားစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေးခြင်းနှင့်လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြသည်။ ၎င်းနောက်တိုးမြစ်ကမ်းနံဘေးရှိ အိမ်ခြေ (၂၀)မှ မိသားစုများသို့ ဆပ်ပြာမှုန့်များ၊ ခေါက်ဆွဲခြောက်ထုတ်များလှူဒါန်းခဲ့ကြပြီး ရပ်ကွက်အတွင်းရှိ နေအိမ်များ၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ၊ အဘိတ်ဆေးခပ်ခြင်းများအား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)