ပခုက္ကူ ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် အခြေခံပညာစာသင်ကျောင်း (၂၅) ကျောင်း၌ မြစ်ရေများဝင်ရောက်ခဲ့သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေစေရန်အတွက် ယမန်နေ့မှစတင်ပြီး ယာယီပိတ်ထားခဲ့ရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပခုက္ကူမြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် ကျောင်းများအနေဖြင့် အခြေခံပညာမူလတန်း (၁၄) ကျောင်း၊ အခြေခံပညာမူလတန်း(လွန်) (၄) ကျောင်း၊ အခြေခံပညာအလယ်တန်း(ခွဲ) (၂) ကျောင်း၊ အခြေခံပညာအလယ်တန်း (တွဲဖက်) (၁) ကျောင်း၊ အခြေခံပညာအလယ်တန်း (၃) ကျောင်း၊ အခြေခံပညာအထက်တန်း (၁) ကျောင်း၊ စုစုပေါင်းအခြေခံပညာစာသင်ကျောင်း (၂၅) ကျောင်းတို့ဖြစ်ပြီး ယင်းကျောင်းများရှိ ဆရာ၊ ဆရာမ (၁၃၇) ဦး၊ ကျောင်းသား၊ ကျောင်းသူ (၃၈၁၀) ဦး၊ စုစုပေါင်း (၃၉၄၇) ဦးတို့ကို ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြစ်ရေပြန်လည်ကျဆင်းသည်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်းနှင့် မြစ်ရေကျဆင်းချိန်တွင် ကျောင်းများပြန်လည် ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာယီပိတ်ထားရသည့် စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား စာသင်ချိန် သင်ခန်းစာနောက် မကျစေရေး ကျောင်းပြန်လည်ဖွင့်လှစ်ချိန်တွင် စာသင်ရက်များအစားထိုး၍ စနစ်တကျဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ဘာမီသာ(ပခုက္ကူ)