ဆိပ်ဖြူ ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်သည့် ကျေးရွာများအား မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကွင်းဆင်း၍ ရေဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းစီမံ ဆောင်ရွက်သည်။
ဆိပ်ဖြူမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး၌ အခြေချနေထိုင်ကြသည့် ရပ်ကွက်/ကျေးရွာများ၌ မြစ်ရေစတင်ဝင်ရောက်လာသည့်အတွက် ဒေသခံပြည်သူများ ရေဘေးအန္တရာယ် ကာကွယ်ဆောင်ရွက်နိုင်စေရန်အတွက် မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစည်သူနေမျိုး၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူးနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ သက်ဆိုင်ရာတာဝန်ရှိသူများက ရေဘေးအန္တရာယ်ကင်းဝေးရေး ရေဘေးရှောင်စန်းများ စီမံဆောင်ရွက်ထားရှိမှု၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် နာမကျန်းဖြစ်နေသူများ အရေးကြီးစာရွက်စာတမ်းများနှင့် နေအိမ်များ၌ မွေးမြူထားရှိသည့် တိရစ္ဆာန်များအား ရေလွတ်ရာ အရပ်များဖြစ်သည့် ရေဘေးရှောင်စခန်းများ၌ သွားရောက်နေထိုင်ရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရေဘေးအန္တရာယ် အသိပညာပေးလုပ်ငန်းများကို ရှင်းလင်းပြောကြားပေးခဲ့ပြီး မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နေအိမ်းများအတွင် မြစ်ရေဝင်ရောက်မှု အခြေအနေများ၊ ကျေးရွာ (၄) ရွာ၌ ဧရာဝတီမြစ်ရေဝင်ရောက်ခြင်းကြောင့် အခြေခံပညာမူလတန်းကျောင်း (၃) ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း(ခွဲ) (၁) ကျောင်းတို့အား ယာယီကျောင်းပိတ်ထားရှိမှု အခြေအနေများကိုကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ မြို့မစခန်းမှူး ဦးဖြိုးဝေအောင်နှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရေကင်းများ စောင့်ကြည့်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)