မင်းဘူး ဇူလိုင် ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်းတွင် ဧရာဝတီမြစ်ရေ တဖြည်းဖြည်းမြင့်တက်လာပြီး မြစ်ရေဝင်ရောက်မှုများကြောင့် ဧရာတီမြစ်ကမ်းဘေးရှိ မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တွင် မြစ်ရေများ စတင်ဝင်ရောက်နေပြီဖြစ်ကာ စာသင်ကျောင်း (၅)ကျောင်း ယာယီပိတ်ထားရကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ဇူလိုင်လ ၁၁ ရက်နေ့က ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် မန်းကြိုးကျေးရွာအုပ်စု၊ မန်းကြိုးကျေးရွာနှင့် ထုံမကြီးကျေးရွာတို့မှ အိမ်ထောင်စုပေါင်း (၇၁)စု၊ လူဦးရေ (၁၈၅)ဦးနှင့် ကျွဲ၊ နွားတိရိစ္ဆာန်များကို ရေဘေးလွတ်ရာ ကျောက်ကုန်း၊ ပေတောဘုန်းတော်ကြီးကျောင်း၊ သံကန်တန်း(၇)နှင့် အောက်ကျောင်းဓမ္မာရုံတို့တွင် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ပြီး ယာယီပြောင်းရွှေ့ပေးထားကြောင်း၊ ထို့အပြင် မြို့နယ်အတွင်းရှိ အ.ထ.က(ခွဲ)ပေါက်ငူ၊ အ.ထ.က(ခွဲ) သနပ္ပင်စု၊ အ.လ.ကနိဗ္ဗာန်ကျွန်း၊ အ.မ.က (မူလွန်)ပဒေသာကျွန်းနှင့် အ.မ.က(ထုံးမကြီး)တို့မှ စာသင်ကျောင်း (၅)ကျောင်းတို့ကို မြစ်ရေပြန်ကျသည့်အချိန်ထိ ယာယီပိတ်ထားရကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်က ပြောကြားခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ မြစ်ရေများ စတင်ဝင်ရောက်လာပြီဖြစ်သောကြောင့် မြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် နေထိုင်ကြသော ဒေသခံပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်းများနှင့် ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ပြောင်းရွှေ့နေထိုင်ကြရန် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက မီးသတ်ဦးစီးဌာနမှ (Speed Boat) စက်လှေဖြင့် ရေပြင်အသိပညာပေး လိုက်လံနှိုးဆော်ခြင်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ် စိုးရိမ်ရေအမှတ်သည် ၁၇၀၀ စင်တီမီတာဖြစ်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေအမှတ်သည် မင်းဘူးမြို့၌ ၁၅၅၅ စင်တီမီတာသို့ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်သို့ရောက်ရှိရန် ၁၄၅ စင်တီမီတာသာလိုတော့ကြောင်း၊ ယခု မြစ်ရေဝင်ရောက်သည့်ဒေသများမှာ ဧရာဝတီမြစ်ကမ်းဘေးရှိ မြေနိမ့်ပိုင်းဒေသများဖြစ်၍ နှစ်စဉ် မြစ်ရေတက်ချိန် ရေအမှတ် ၁၅၀၀ စင်တီမီတာနှင့်အထက်သို့ ကျော်လွန်ရောက်လာသည့်အတွက် ဧရာတီမြစ်ရေ ပုံမှန်ဝင်ရောက်လေ့ရှိသည့် ဒေသများဖြစ်ကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။
မောင်မောင်(မင်းဘူး)