မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်လျက်ရှိသောကြောင့် ရေးဘေးသင့်အိမ်ထောင်စုများအား ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေရာချထား

မင်းဘူး ဇူလိုင်  ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ကမ်း မြေနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများတွင် ရေများဝင်ရောက်လျက်ရှိသောကြောင့် လူနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအား ရေလွတ်ရာ ကုန်းမြင့်ပိုင်းဒေသများသို့ ရွေ့ပြောင်းထားရကြောင်း မင်းဘူးမြို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

မင်းဘူး(စကု)မြို့နယ် ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင် ရေများ ဝင်ရောက်လျက်ရှိသောကြောင့် ထုံးမကြီးကျေးရွာတွင် အိမ်ထောင်စု ၇၁ စု၊ လူဦးရေ ၁၈၅ ဦး၊ ရွှေတပင်ကျေးရွာတွင် အိမ်ထောင်စု ၇ စုနှင့် မင်းဘူးမြို့ အမှတ် (၃) ရပ်ကွက် ကမ်းနားလမ်းတွင် ရေနစ်မြုပ်နေသော အိမ်ခြေ ၂၀ နှင့် ကျွဲ၊ နွား တိရစ္ဆာန်တို့အား မန်းရေနံ-သံကန်တန်း (၇) တွင်လည်းကောင်း၊ ကျောက်ကုန်း၊ ပေတောဘုန်းတော်ကြီးကျောင်း၊ အောက်ကျောင်းဓမ္မာရုံနှင့် ရေလွတ်ရာကုန်းမြင့်ပိုင်းဒေသများသို့ ရွေ့ပြောင်းရကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၏ စိုးရိမ်ရေအမှတ်မှာ ၁၇၀၀ စင်တီမီတာဖြစ်ပြီး ယမန်နေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်များအရ ၁၅၅၀ စင်တီမီတာသို့ ရောက်ရှိလာပြီဖြစ်ရာ မြစ်ရေအတက်ကြမ်းသောကြောင့် မကြာမီရက်များအတွင်း စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာနိုင်ဖွယ်ရာရှိသောကြောင့် သတိပြုရှောင်ရှားနိုင်ရန် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက အသံချဲ့စက်များဖြင့် လိုက်လံသတိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)