ပေါင်းတည်၌ စာဖတ်ရှိန်မြှင့်တင်‌ရေးအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်

ပေါင်းတည် ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ နွယ်ချို(၂)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း (သိမ်ကြီး) တွင် ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပညာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်‌ရေး အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်ပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးစိန်သောင်းမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များ ရှင်သန်ရေးအသိပညာပေး ဟော‌ပြောသည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်မှူး (ဒုတိယဦးစီးမှူး)ဒေါ်ဝင်းမြသန်းက အသိပညာပေးစက္ကူပြဇာတ်ပြသ၍ အကျင့်စာရိတ္တဆိုင်ရာပုံပြင်များ ပြောကြားသည်။

ယင်းနောက် စာအုပ်စာစောင်များ ဖတ်ရှုလေ့လာစေခြင်းနှင့် မူးယစ်ဆေးဝါတားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံကပ်စာစောင်များ ပြသပြီး ဝန်ထမ်းများမှ ရှင်းလင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ရွှေသား (ပြန်/ဆက်)