ပဲခူး ဇူလိုင် ၁၁
ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ယနေ့နံနက်ပိုင်းက (၇၇) နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲ၊ စာစီစာကုံး/ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး အထက်တန်းပြဆရာမ ဒေါ်လဲ့လဲ့မော်က အာဇာနည်သူရဲကောင်းများအကြောင်း၊ အလယ်တန်းပြဆရာမ ဒေါ်တင်တင်သော်က အာဇာနည်နေ့ဒို့မမေ့ ခေါင်းစဥ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောကြသည်။
ထို့နောက် ကျပန်းစကားပြောပွဲ၊ ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ ကျပန်းစကားပြောပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား/သူ(၈)ဦးက လူငယ်နှင့် မျိုးချစ်စိတ်ဓာတ်၊ တို့တိုင်းပြည်ကိုတို့ချစ်သည် ခေါင်းစဥ်များဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား/သူ(၈)ဦးက ကိုးဦးအာဇာနည်၊ အာဇာနည်မြတ်မမေ့အပ်၊ ဇူလိုင်(၁၉)ရက်၊ အာဇာနည်နေ့တို့မမေ့ စသည့်ခေါင်းစဥ်များဖြင့်လည်းကောင်း စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား/သူ(၃၁)ဦးက ကမ္ဘာတည်သရွေ့ မော်ကွန်းထိုးထိုက်သည့် အာဇာနည်တို့၏ စိတ်ဓာတ်ခေါင်းစဥ်ဖြင့် ပါဝင်ယှဥ်ပြိုင်ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)