ပြည်မြို့ (အောင်ဆန်း) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ပြည် ဇူလိုင် ၁၁

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းနှင့် နန်းတော်ဝင်စာပေတိုက်တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်မြို့ (အောင်ဆန်း) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာ၌ အဆိုပါကျောင်းမှ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး ဦးစီးအရာရှိဦးအောင်ကိုသန့်က စာဖတ်ရှိန်မြှင့်တင်ရေးကွင်းဆင်းဆောင်ရွက်မှုရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြည်မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာမောင်စိမ့်စမ်း(သဲကုန်း)က စာဖတ်ခြင်းအကျိုးကျေးဇူးနှင့် အာဇာနည်နေ့အကြောင်း သိကောင်းစရာများအကြောင်းကို အသိပညာပေးဆွေးနွေးဟောပြောရာ ကျောင်းအုပ်ဆရာမကြီးက ဆောင်ရွက်မှုအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက အခမ်းအနားတွင် ခင်းကျင်းပြသထားသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအသိပညာပေး သတင်းစကားနံရံကပ်စာစောင်၊ ဓာတ်ပုံမှတ်တမ်းများနှင့် နန်းတော်ဝင်စာပေတိုက်၏ စာအုပ်ဈေးရောင်းပွဲတော်မှ သုတ/ရသစာအုပ်စာပေမျိုးစုံကို လေ့လာကြည့်ရှု/ ဝယ်ယူဖတ်ရှုကြသည်။ ထို့အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက နယ်လှည့်ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်မှ "ကလေးစာပေ" များကို အဆိုပါကျောင်းမှ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုနိုင်ရန်ဆောင်ရွက်ပေးကြပြီး ထိုသို့ အ.ထ.က(အောင်ဆန်း)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဇူလိုင် ၁၁ ရက်မှ ၁၂ ရက်နေ့အထိ နှစ်ရက်ကြာဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အနာဂတ်လူငယ်မျိုးဆက်သစ်များကို အခြေခံပညာအရွယ်ကစ၍ စာဖတ်သည့်အလေ့အထနှင့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ အထွေထွေဗဟုတများရရှိစေမည့် စာအုပ်စာပေများကို ဖတ်ရှုလေ့လာလိုစိတ်နှင့် ကျောင်းစာကြည့်တိုက်နှင့် ပြည်သူ့စာကြည့်တိုက်များကို အသုံးပြုလိုစိတ်ရှိလာစေရန်၊ စာအုပ်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာပြီး စာ‌ပေတွင်မွေ့လျော်ကာ မိမိတို့၏ ကိုယ်ပိုင်အချိန်များကို အကျိုးရှိစွာအသုံးချတတ်လာစေရန်၊ စာဖတ်ခြင်းဖြင့် စာဖတ်သက်ရင့်သန်လာမှုနှင့်အတူ အတွေးအခေါ်ကောင်းများရရှိပြီး အမှား/ အမှန်ဝေဖန်ပိုင်းခြားနိုင်သည့် ဆင်ခြင်တုံတရားနှင့် အသိဉာဏ်ပညာများ ထက်မြက်ဖွံ့ဖြိုးလာစေရန်၊ အခြေခံပညာမှ အဆင့်မြင့်ပညာအထိ အတန်းစဉ်အလိုက် ဘက်စုံထူးချွန်ထက်မြက်သည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်၊ ထိုမှတစ်ဆင့် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ကောင်းကျိုးများ စွမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်းရတနာလူရည်ချွန်များ ထွက်ပေါ်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားများကို ဆောင်ရွက်ခြင်းဖြစ်‌ကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)