မုံရွာ ဇူလိုင် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ အောင်မြေလောကကျောင်းတိုက်ရှိ ဝါဆိုဓမ္မာရုံကြီး၌ ဇူလိုင်လ ၉ ရက်နေ့၊ ည ၁၀ နာရီခွဲအချိန်ခန့်တွင် ပေါ့ဆမီးကြောင့် မီးလောင်မှုဖြစ်ပွားခဲ့သည့် အေးသာယာရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နှုတ်ဆက်အားပေးစကား ပြောကြားသည်။ ယင်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးဘေးသင့် အိမ်ထောင်စု ၃၂ စု၊ အိမ်ခြေ ၁၇ အိမ်၊ လူဦးရေ ၁၂၃ ဦးတို့အတွက် ကိုယ်စားလှယ် ၂ ဦးထံ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံများနှင့် တိုင်း ဒေသကြီးအစိုးရအဖွဲ့ တစ်အိမ်လျှင် ငွေကျပ် ၃ သိန်းနှုန်းဖြင့် အိမ် ၁၇ အိမ်အတွက် ငွေကျပ် စုစုပေါင်း- ၅၁၀၀၀၀၀ (ငါးဆယ်တစ်သိန်း)ကျပ်အားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်များက စားသောက်ဖွယ်ရာများအားလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာဖိုး ငွေကျပ်- ၃၆၅၈၃၀၀ (သုံးဆယ်ခြောက်သိန်းငါးသောင်းရှစ်ထောင်သုံးရာ)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါပုံးများအား မီးဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့အား ချင်းတွင်းမြစ်ရေ ရောက်ရှိမှုအခြေအနေနှင့် မြစ်ရေဝင်ရောက်မှုမရှိစေရေးအတွက် ဌာနဆိုင်ရာများနှင့် ရပ် ကွက်နေ ပြည်သူများမှ ချင်းတွင်းမြစ်ရိုးတစ်လျှောက် ရေထိန်းတာဘောင်များအား အဆင့်မြှင့်တင်ဆောင်ရွက်နေမှုများနှင့် ရေစိမ့်ဝင်သည့်နေရာများအား သဲအိတ်များဖြင့်ကာရံနေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးပြီးလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ချင်းတွင်းမြစ်ရိုးတစ်လျှောက် ရေထိန်းတာဘောင်များ ကြံ့ခိုင်မှုရှိစေရေးတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)