ချောင်းသာမြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ချောင်းသာ ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းအနေဖြင့် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရှိ စားသောက်ဆိုင်လုပ်ငန်းများနှင့် အစားအသောက်ရောင်းချသည့် စျေးဆိုင်များသို့ မြေပြင်ကွင်းဆင်း၍ စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် တိုက်နယ်ကျန်းမာရေးဌာန၊ မြို့အုပ်ချုပ်ရေးအဖွဲ့၊ မြို့စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့များက စားသောက်ဆိုင်လုပ်ငန်းများနှင့် အစားအသောက်ရောင်းချသည့် စျေးဆိုင်များတွင် အသိပညာပေးလက်ကမ်းစာစောင် များဖြန့်ဝေပေးခြင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်နှိမ်နင်းရေးအသိပညာပေး ဆွေးနွေးခြင်း၊ ရောဂါကာကွယ်ရေးပစ္စည်းများပေးအပ်ခြင်း၊ ရေသုံးစွဲမှု၊ ရေအရင်းအမြစ်များအား Bleaching Powder (Chlorine) ဆေးခတ်ခြင်းများနှင့် အစားအသောက်ပြင်စဉ်ချက်ပြုတ်သည့် နေရာများအား စနစ်တကျဖြင့် ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ထားခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)