ငပုတော ဇူလိုင် ၁၁
ကျောင်းသား၊ ကျောင်းသူများကျန်းမာရေး ကောင်းမွန်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ ပညာကောင်းစွာသင်ယူနိုင်စေရန်၊ အနာဂတ်အတွက် အားထားရသည့် သားသမီးရတနာများ ဖြစ်နိုင်ကြစေရန်အတွက် ကျောင်းကျန်းမာရေးရက်သတ္တပတ်စစ်ဆေးခြင်းနှင့်အသိပညာပေးဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း ပြင်ခရိုင်ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာတိုင်းဒေသကြီး ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးခိုင်က ကျောင်းသား၊ ကျောင်းသူလေးများအား ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အခြေအနေ၊ အရေပြားရောဂါများ ရှိ/မရှိ၊ သွားနှင့်ခံတွင်းကျန်းမာရေး အခြေအနေ၊ အမြင်အာရုံ ချို့ယွင်းခြင်း၊ မျက်စိနာခြင်း စသည့် မျက်စိရောဂါ အခြေအနေများ၊ နားပြည်ယိုခြင်း၊ နားလေးခြင်း ရှိ/မရှိ၊ အာသီးရောင်ခြင်း၊ နှာရည်ယိုခြင်း၊ လည်ပင်းကြီးခြင်း၊ လည်ပင်းအကျိတ်ကြီးခြင်းစသည့် ရောဂါများနှင့် အခြားရောဂါများ ရှိ/မရှိတို့ကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျစစ်ဆေးပြီး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကာ၊ သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး ဟောပြောခြင်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်နှင့် တာ၀န်များဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ကျန်းမာရေးမှူးနှင့်၀န်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးအသင်းကျောင်းသား၊ ကျောင်းသူများ၊ ပရဟိတအဖွဲ့တာ၀န်ရှိသူများတက်ရောက်ကြကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)