သဲကုန်း ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှရွှေက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင့်နန္ဒာဌေးက ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အားလပ်သည့်အချိန်ကို တန်ဖိုးရှိစွာအသုံးပြုတတ်စေရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများ သိရှိစေရန်၊ စာပေဖတ်ရှုလေ့လာပြီး အသိပညာများ တိုးပွားလာစေရန်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများကိုအတုယူ၍ နိုင်ငံသားကောင်း၊ သမီးကောင်းရတနာများပေါ်ထွန်းရေး အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍(ပေါက်တော)၊ အ.မ.က(တပ်)၊ အ.မ.က(ညောင်ကုန်း)ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ မိမိတို့လေ့လာမှတ်သားထား အာဇာနည်နေ့ဂုဏ်ပြုကဗျာများကို ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရှိသော ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များပေးအပ်ပြီး ကျောင်းသား/ကျောင်းသူများက အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကြောင်း၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)