ရေကြည် ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ ကွင်းသုံးဆင့်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာ ကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး၊ စကားပြောစွမ်းရည်ကျွမ်းကျင်စွာတက်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုဆွေးနွေးတက်စေရန်၊ လူငယ်များမှနားထောင်ပြီး အသိပညာဗဟုသုတများစွာရရှိပြီး အပြန် အလှန် ပါဝင်ဆွေးနွေးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မီးနစ်အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.ကကွင်းသုံးဆင့်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးဆွေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မိုးစီစီအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးမှူး ဒေါ်မိုးစီစီအောင်နှင့် လူငယ်ရေးရာကော်မတီအတွင်းရေးမှူး(ကိုယ်စား) အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ဦးဝေယံထွန်းတို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ဖြစ်သည့် မောင်အောင်ကိုမင်းက လူငယ်နှင့်မူးယစ်ဆေး၊ မောင်သက်ပိုင်မှူးက လူငယ်နှင့်ရည်မှန်းချက်၊ မဇင်ဝေလှိုင်က လူငယ်နှင့်အားကစား၊ မချစ်မြတ်နိုးဦးက လူငယ်နှင့်ကျန်းမာရေးစသည့်ခေါင်းစဥ်တို့ဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီးနေ့လည်ပိုင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်မိုးစီစီအောင်က လူငယ်နှင့်စာဖတ်အကျိုး၊ စားသုံးသူရေးရာဦးစီးမှူး ဒေါ်ချယ်ရီမြင့်က လူငယ်နှင့်အစားအသောက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန နည်းပြနည်းစနစ်မှူး ဦးဝေယံထွန်းက လူငယ်နှင့်အားကစားခေါင်းစဥ်များဖြင့် အသီးသီးဟောပြောခဲ့ကြပြီး အဆိုပါအခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ (၂၈၃)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မေသန့်ဇင်