မုံရွာမြို့တွင် ဆင်ခြေထောက်ရောဂါ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မုံရွာ ဇူလိုင် ၁၁

ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရန်အတွက် ဆင်ခြေထောက်ကာကွယ်ဆေးများ ထိထိရောက်ရောက်သောက်သုံးစေခြင်းဖြင့် လူဦးရေ ၁၀၀၀ တွင် ဆင်ခြေထောက်ရောဂါပိုး တွေ့နှုန်းတစ်ဦးထက်လျော့နည်းကျဆင်းသွာစေရန် ရည်ရွယ်ပြီး ဆင်ခြေထောက်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မုံရွာခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာအသိပညာပေး ဟောပြောပွဲတွင် ဆင်ခြေထောက်ရောဂါကာကွယ်ဆေး တိုက်ကျွေးမည့် အစီအစဥ်များအား မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်က လည်းကောင်း၊ ဆင်ခြေထောက်ကာကွယ်ဆေး သတ်မှတ်သူအားလုံး စနစ်တကျ သောက်သုံးရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ဆင်ခြေထောက်ရောဂါ ပိုးသယ်ဆောင်သော ခြင်နှိမ်နင်းခြင်းလုပ်ငန်းများအား တိုင်းဒေသကြီး ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဌာနမှ ငှက်ဖျားရောဂါမှူး ဦးဌေးပိုက ပရိုဂျက်တာများဖြင့် အသေးစိတ်ပြသ ရှင်းလင်းအသိပညာပေး ဟောပြောခဲ့ပြီးနောက် တက်ရောက်လာသော ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ သိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက်တက်ရောက်လာသူများအား ဆင်ခြေထောက်ကာကွယ်ဆေးများကို တာဝန်ရှိသူများက စနစ်တကျတိုက်ကျွေးပေးခဲ့ရာ ဆေးသောက်သုံးသူများအတွက် ဆင်ခြေထောက်သန်ကောင်များ သေကြေပျက်စီးပြီး ရောဂါကင်းဝေးသွားမည်ဖြစ်ကြောင်း၊ ရောဂါပိုးမရှိသောလူများမှာလည်း ဆေးအာနိသင်ကြောင့် ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်မည်ဖြစ်သည့်အပြင် အူလမ်းကြောင်းရှိ သန်ကောင်အမျိုးမျိုးကင်းစင်စေမည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)